ကျွန်တော့နံရိုး

“ကျွန်တော့်နံရိုးက ဒီလောက်လှမယ်မှန်း တစ်ခါမှ မတွေးကြည့်မိ ဖူးဘူး”
သူမ မျက်နှာလေးငုံသွားပြီး ခြေထောက်နဲ့ မြက်ပင်စိမ်းစိမ်းတွေကို အသာဖွဖွ ပွတ်သပ်နေတယ်။ သူမ ရှက်သွားမှန်းသိလိုက်တော့ ဘာရယ် မဟုတ် ကျွန်တော်လည်း ခေါင်းထဲရောက်လာတဲ့ ခြေဦးတည့်ရာ စကားတစ်ခွန်းကို ပြောမိသွားတယ်။
“အရိုးထဲက အရိုး၊ အသားထဲက အသား”
ခေါင်းငုံ့နေရာမှ သူမ ခေါင်းဆတ်ကနဲ ထောင်လာပြီး . . .
” ဘာလဲ ရှင်က စားကာထာဝှက်ထာလား”
” ဟိုး… အင်း”
ကျွန်တော်လည်း အသာရောချလိုက်ပါတယ်။
“အဲဒါ ယောက်ျားနဲ့မိန်းမကို ပြေတာမဟုတ်လား”
“သိပ်ဟုတ်တာပေါ့”
“ဒါဆို ကျွန်န်မလည်း ရှင့်ကို ပြန်ဝှက်မယ်”
“မဖြေနိုင်ရင်တော့ ဒုက္ခပါပဲ”
သူမက ကျွန်တော့်ပုံစံကိုကြည့်ပြီး ခပ်ဟဟလေးရယ်လိုက်တယ်။ ပြီးမှ…
“ကဲ… ဖြေနိုင်ရင် ဖြေပေတော့…”
ပန်းသီးတစ်လုံး မျိုချလို့လည်းမရ
“ လည်းချောင်ထဲမှာ ကိုးလိုးကန့်လန့်”
ကျွန်တော်က သူမရဲ့အမေးကို စဉ်းစားမရဖြစ်ပြီး စိတ်ရှုပ်ဟန်လုပ်ပြတော့ သူမက ရယ်ရင်း…
“ဘယ်လိုလဲ ပန်းပေးပြီးလား”
“အင်း”
“အဖြေကိုပြောပြမယ် သေသေချာချာမှတ်ထားနော်။ အဲဒါလည်စေ့ကို ပြောတာ… ခစ်..ခစ်..ခစ် . . .”
“ကဲ… ဒါဆိုရင် သမ္မာကျမ်းစာထဲမှာပါတဲ့ စကားထာတစ်ခုကိုရောသိလား”
“သိသားပဲ၊ ရှံဆုန်ဝှက်ခဲ့တာလေ။
စားတတ်သူရဲ့အထဲက အစာ
အားကြီးသူထဲက အချိုတဲ့။ ခင်္သြေ့အသေကောင်ထဲက ပျားအုံနဲ့ ပျားရည်ကို ပြောတာပေါ့”
အဲဒီနေ့တစ်နေလုံး သူမနဲ့ကွန်တော် တစ်ယောက်တစ်လှည့် အပြန်အလှန် စကားထာဝှက်တမ်း ကစားကြတာပေါ့။ နောက်ဆုံး ဝှက်စရာစာကားးထာတွေလည်းကုန်ရော ပေါက်ကရတွေ ပါပါလာတာပေါ့။
“ငါ့ရင်ဘတ်ထဲက ယားကျိကျိအကောင်”
“သန်ကောင်”“ဘာဆိုင်လဲ . . . နာမည်ကကြယ်ဖြူပဲ မဟုတ်ဘူး။ ကြယ်ဖြူစင်ဦး . . .တဲ့။တောကမဟုတ်ဘူး။ မော်လမြိုင်က . . .”

“မှားတယ် အဲဒါ ကိုဇတ်ရဲ့ ကဗျာစာအုပ်နာမည်။ ကဲ… မင်းအလှည့်”
“ခါနန်ပြည်က သူရဲကောင်း
“ဂိဒေါင်”
“မှားတယ် ၊ ကိုပီတိ”
“ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့၊ ကိုပီတိရဲ့ စာအုပ်နာမည်က ခါနန်ပြည်က သူရဲကောင်းများတဲ့”
“ဒါဆို ကိုယ့်အလှည့်”
“ရယ်ပြုံးရယ်မဲ့”
“ကိုနန်ပူ”
“ဘယ်လိုလုပ်သိလဲ”
“သိတာပေါ့ သူ အသံမထွက်တော့ လူတွေ့ရင် ရယ်လိုက်မဲ့လိုက်ပဲလုပ်ပြရတာကိုး”
“ကဲ … ဒီတစ်ခါ သေသေချာချာ စဉ်းစာပြီးဖြေနော်”
“အင်း”
သူမက သေသေချာချာ စဉ်းစားပြီးဖြေဖို့ ဟန်ပြင်နေပါတယ်။
“ပင်လယ်ဓားပြ”
“မသိဘူး ပြန်တော့မယ်”
သူမက ပြောပြောဆိုဆိုနဲ့ ကျွန်တော်အနားက ပြေးထွက်သွားပါတယ်။ အဝေးကိုရောက်ရှိသွားတဲ့ သူမကို ကွန်တာ်က လှမ်းပြီးအော်ပြောလိုက်ပါတယ်။
“ဟေ့ ဟေ့ နေဦလေ။ အကောင်းပြောမလို့…
ကန်အလှ တံငါလက်နက်
ဒီတစ်ခါ ကျွန်တော်အမေးကို ပါးစပ်နဲ့ပြန်ဖြေမနေတော့ဘဲပါးကောင်းလို့ လက်ဝါးတောင်းတာလားဆိုတဲ့ သဘောနဲ့ လက်ဖဝါးကို ဝေ့ယမ်းထောင်ပြရင်း ပြေးထွက်သွားပါတော့တယ်။

**********************
“ပင်လယ်ဓားပြရဲ့ အဓိပ္ပါယ်ကတော့ သိတယ်။ ကန်အလှတံငါလက်နက်ဆိုတာ ဘာလဲ။”
ရှေစင်က ကျွန်တော်ရဲ့ ရေးလက်စစာမူကိုဖတ်ပြီး မေးလိုက်ပါတယ်။
“ကန်အလှက ကြာ၊ တံငါလက်နက်က ပိုက်။ ကြာပိုက် ကြိုက်ပါပေါ့
ဟား …. ဟား”

ကျွန်တော်က ပြန်ဖြေရင်း တဟားဟားရယ်လိုက်တော့ ရွေစင် ကျွန်တော်ကို မျက်စောင်းထိုးပါတယ်။
“အဲဒီအဖြေကိုရော သိလား”
ကွန်တော်အမေးကို မသိဟန်ဆောင်နဲ့ မကြားသလို လုပ်နေတော့ ရှေစင်အနားကိုတိုးပြီး…
“ကောင်းကင်အမလှ လူမလိမ္မာ”
“ဘာ”
ရှေစင်က ကွန်တော်ကို မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေပါတယ်။
“ကောင်းကင်အလှက ကြယ်လေ။ လူမလိမ္မာတော့ မိုက်တာပေါ့။
အဲဒီတော့ ကြယ်မိုက် ၊ ကြိုက်မယ်လို့ ပြန်ဖြေတာပေါ့။”
ရှေစင်က ကွန်တော့်စကားကို မကြားသလိုလိုပ်ပြီး ကျမ်းစာအုပ်ကို့လှန်နေပါတယ်။ ကွန်တော့် စာထဲပါတဲ့ ဘုရားသခင်ဟာ စကားလုံးဆယ်လုံး နဲ့ ကမ္ဘာမြေကြီးကို ဖန်ဆင်းတယ်ဆိုတာ ဟုတ်၊ မဟုတ်ကိုသိဖို့ ကမ္ဘာဦးကျမ်း အခန်းကြီးတစ်မှာပါတဲ့ God said ဆိုတဲ့ စကားလုံးတွေကို တစ်လုံးချင်း ရေတွက်နေပါတယ်။

**************
“ကွန်တုံးကြောင်လျောက်”
သူမက စမ်းချောင်းလေးနံဘေးက ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေပြီး ခြေထောက်တွေကိုတော့ ရေထဲချပြီး လှုပ်ယမ်းနေပါတယ်။ ကွန်တော့်အသံကို ရုတ်တရက်ကြားလိုက်ရပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း မျက်နှာကို ရှုံ့ မဲ့ပြီး ပြန်ပြောပါတယ်။
“ဘာစကားကြီးလဲ . . . ကွန်းတုံးကြောင်လျောက်တဲ့ . . . ”
“လွမ်းတုန်းမောင်ရောက် . . . လေ”
“သွားသေလိုက် . . . လွမ်းပါလိမ့်မယ် အားကြီးကြီး . . .။ မိန်းကလေး စကားနဲ့များ ဆရာကြီးလာလုပ်နေတယ်။ ”
သူမမျက်နှာ စူပုပ်ပုပ်လေး ဖြစ်သွားတော့ သူမကို ချော့ဖို့လိုပြီလေ။ သူမကို မမြဲတမ်းပဲ ပျော်နေစေချင်တာပါ။
“ဟုတ်တယ်နော်။ အရင်တုန်းက စာတွေ၊ စကားတွေကို ဖတ်ကြည့်ရင် အမျိုးသမီးတွေပဲ။ စကားလည်းတစ်ယောက် ဘယ်လိုစနောက်ကြသလဲဆိုတော့ . . . သူဘယ်လို သူ့မိန်းမကို လှည့်ပြီးထွက်လာခဲ့တယ်၊ ဘယ်လို ညာထားခဲ့တယ်လို့ပြောရင် ကိုယ်တို့က မင်းကတော့ ညာလို့ရတယ်ပြောနေ မင်းမိန်းမကတော့ ရေတွင်းမှာ မဝတ်လျော်ရင်း မင်းအကြောင်းကိုပြောပြီး ရယ်နေလောက်ပြီလို့။
အဲဒီစကားကို ဘယ်ကရတာလဲဆိုတော့ ဇာစ်မြစ်ဆိုတဲ့ စအုပ်ထဲက ရတာပေါ့။ အဲဒီစာအုပ်ထဲမှာ ဂျပ်ဖူရီရွာက ယောက်ျားလေးတွေဟာ အရွယ်ရောက်ပြီဆိုရင် ယောက်ျားဖြစ်သင်တန်း တက်ရတယ်လေ။ ရွာထဲမှာ ရှိတဲ့ အရွယ်ရောက်တဲ့ ယောက်ျားလေးတွေအားလုံးကို တောထဲခေါ် သွားပြီး ပညာတွေအမျိုုးမျိုးသင်ပေးတာပေါ့။ ပညာတွေစုံလို့ တင်တန်းဆင်းခါနီး ကျတော့ ဘာလုပ်ရလဲဆိုတော့ ကိုယ့်အိမ်ကိုယ်ပြန်ပြီး သူတို့အမေတွေ အသိအောင် စားစရာတွေကို ပြန်ခိုးရတယ်။ ပြီးရင် တပျော်တပါး စားကြသောက်ကြပေါ့။ သဘောကတော့ ငါတို့ယောက်ျားတွေဟာ မိန်းမတွေထက်ပိုပြီး ပါးနပ်လိမ္မာကြတယ်ပေါ့။
နောက်တစ်နေ့မှာတော့ သူတို့အမေတွေကအချင်းချင်း ဒီညကတော့ ငါ့သားလေး ငါ့အိမ်ကို ဝင်ခိုးသွားတယ်ဆိုပြီး ရယ်နေကြတာပေါ့”
ကွန်တော့်စကားကြောင့် သူမ ပြုံးလာပါတယ်။
“ ကွန်မတို့ မိန်းမသားတွေမှာ မိခင်စိတ်ဆိုတာ ရှိတယ်။ အဲဒါကို ရှင်တို့ ဘယ်လိုမှ နားလည်မှာမဟုတ်ဘူး။ ရှင်တို့ယောက်ျားတွေကတော့ မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာလေးပြောပြီး အပျော်ကြံချင် ကြံသွားတာ၊ ဘာတာဝန်မှလည်း မယူချင်ဘူး၊ ဘာတာဝန်မှလည်း မရှိဘူး။”
သူမ စကားကြားတော့ စပေးလိုက်မိတာ မှားသွားပြီမှန်း သိလိုက်ပါတယ်။ ဘယ်အချိန်ကတည်းက ပြောချင်နေမှန်းမသိ။ အကောင်းဆုံးကတော့ သူမစကားကို ငြိမ်ငြိမ်လေး နားထောင်နေရုံပဲပေါ့။
“မိန်းမတစ်ယောက်က ချစ်သူအပေါ်၊ လင်ယောက်ျားတစ်ယောက် အပေါ်မှာ အမြဲတမ်းသစ္စာရှိတယ်။ ရှင်တို့ယောက်ျားတွေသာ။ ဓမ္မာကျမ်းစာ ထဲမှာဆိုလည်း ကြည့်။ ကွန်မတို့ ကျမ်းစာထဲမှာတော့ မပါဘူးပေါ့လေ၊ ကက်သလစ်ကျမ်းစာအုပ်ထဲမှာပါတဲ့ စူစန်နာ ဆိုရင် သူ့ရဲ့အသက်၊ သူ့ရဲ့ အရှက်ကိုတောင် မငဲ့ဘဲ လင်ယောက်ျားအပေါ် မှာ သစ္စာရှိတာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးမိကာမှ ကြောင်ရုပ်ကြောင့် လေးနေရပြီပေါ့။ သူမကို စကားလမ်းကြောင်းပြောင်းပေးဖို့ ကြိုးစားရတော့မှာပေါ့။ သူမရဲ့အပြောနဲ့တင် ကွန်တေ့ာ်အချစ်တွေ တော်တော်လေး ပွန်းနေပါပြီ။
“အဲဒီအထဲမှာပါတဲ့ ဒံယေလနဲ့ အမေးအဖြေလုပ်တဲ့ စကားလေး တွေက ချစ်စရာကောင်းတယ်နော်။ အဲဒီကျမ်းတတ်ပုဂ္ဂိုလ် နှစ်ယောက်ကို ဒံယေလက စူဇန်နာဟာ အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်နေတယ်ဆိုရင် ဘယ်အပင်အောက်မှာတွေ့လဲလို့ လူချင်းခွဲမေးတော့ ပထမတစ်ယောက်က အကျော်ပင်၊ နောက်တစ်ယောက်က ဝက်သစ်ချပင်ပေါ့။ အဲဒါကို အင်္ဂလိပ်လိုရေးထားတာက ကလို့ပင် (Clove) အောက်မှတွေ့ ဘုရားသခင်ရဲ့ ကောင်းကင်တမန် တွေက မင်းကို ကလိ (Cleave) လုပ်လိမ့် မယ်၊ နောက်တစ်ယောက်က ယူး (Yew) ပင်လို့ပြောတော့ ဒံယေလက ဘုရားသခင် ရဲ့ ကောင်းကင်တမန်က ဓာကြိးကိုကိုင်ပြီး ဟူး (Hew) လုပ်ဖို့ စောင့်နေ တယ်တဲ့၊ အပင်တွေရယ် သူတို့ရဲ့ နာမည်နဲ့လိုက်ပြီး စီရင်ချက်ချတဲ့ စကားတွေက ကာရန်ညီပြီး သိပ်အဓိပ္ပါယ်ရှိတာပဲနော်”
ကွန်တော့်စကားကို သူမ တွေတွေလေးနားထောင်နေပါတယ်။
“ကိုယ်လည်း အလုပ်တစ်ခုခုလုပ်မယ်ဆိုရင် အပင်တွေကို သေသေချာချာရွေးမှာ။ ဥပမာ ရည်းစားစကားပြောမယ်ဆိုရင် လက်ပံပင် အောက်မှာ ဘယ်တော့မှ မပြောဘူး”
့“ဘာဆိုင်လို့လဲ”
“လက်ပံပင်အောက်မှာဆိုတော့ ပန်လန်လက်ပြီး ပက်လက်လန် သွားမှာပေါ့”
ကွန်တော်က ပက်လက်လန်သွားတဲ့ အမှုအရာလေး လုပ်ပြတော့ သူမက သဘောကျပြီး ပြုံးလာပါတယ်။ ပြုံးနေရင်းက ကွန်တော့်ကို . . .
“ဒါဆိုရင် ဘယ်အပင်အောက်မှာ ရည်းစားစကားပြောမလဲ”
“Kiss me quick”
“သွား . . . လူဆိုး”
သူမက ကွန်တော့်ကို ပုခုံးနဲ့ တိုက်လိုက်တော့ ကွန်တော်က အလိုက် သင့်လေး လဲကျသွားဟန်လုပ်ပြီး အော်လိုက်ပါတယ်။
“အား ဘာဖြစ်သွားတာလဲ”
“Kiss me quick ပင်က ဆူးနဲ့စူးမိလို့လေ”
နှုတ်ခမ်းလေးစူပြီး ပြုံးလိုက်တဲ့အပြုံးက Kiss me quick အပင်မှာ ပွင့်နေတဲ့ ပန်းပွင့်လေးတွေလိုပါပဲ။ လှတော့လှတယ် ဒါပေမယ့် ဆူးတွေနဲ့ပေါ့။
************
“မသိရင်တော့ အမျိုးသမီးတွေဘက်က ရပ်ပေးသလိုနဲ့ နောက်ဆုံး ကျတော့ အမျိုးသမီးတွေ ဘယ်လောက်လည်လည် တို့ယောက်ျားတွေကို မကျော်နိုင်ပါဘူးဆိုတဲ့ အစားထဲကပဲ”
ရှေစင်က ကွန်တော့်စာမူကို ကွန်ပျူတာရိုက်ပေးနေရင်းက မှတ်ချက်ချပါတယ်။
“ကိုယ်က အဲဒီသဘောနဲ့ မဟုတ်ပါဘူးကွာ။ ဘယ်ဘက်ကမှ ရပ်ပြီး ပြောတာလည်း မဟုတ်ဘူး။ ချစ်ခြင်းမေတ္ထာအကြောင်းကိုပဲ ပြောကြည့်တာပါ”
“အဲဒီချစ်ခြင်းမေတ္တာကိုပဲ ခုတုံးလုပ်ပြီး အနိုင်ယူနေကြတာပဲ မဟုတ်လား”
“ကဲပါ . . . စာမူကိုဆုံးအောင် ဖတ်ပြီးတော့မှ ရှေစင်ပြောချင်တာ တွေကို ဆက်ပြောပါတော့နော်”
ရှေစင်က ကွန်တော့်ကို ဘာမှဆက်မပြောတော့ဘဲ ဒါမှမဟုတ် ဆက်မပြောချင်တော့ပဲ ရိုက်လက်စစာမူကို ဆက်ရိုက်ပါတယ်။
************
“ကိုယ်ပြောတဲ့စကားကို လိုက်ပြောလို့ရမလား”
“ဘာဖြစ်လို့ မရရမှာလဲ”
“ကောင်းပြီလေ . . . အမြန်လိုက်ပြောရမှာနော်”
“ပြောမှာသာပြောစမ်းပါ”
ကွန်တော်နဲ့သူမ စာအုပ်တစ်ယောက်တစ်အုပ်စီ ဖတ်နေကြရာက ကွန်တော်က စကားစလိုက်ပါတယ်။ သူမကလည်း ကွန်တော့်စကားကို အားကျမခံ ပြန်ပြောပါတယ်။ သူမက မိမိကိုယ်ကို ထက်မြက်သော အမျိုးသမီး တစ်ဦးလို့ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် ထက်မြက်သော အမျိုးသမီးတစ်ဦးလို့ အလိုလိုခံယူထားသူ။ မဟာဝိဇ္ဖာဘွဲ့တစ်ခု ရထားတယ်။ လက်ရှိ ပြင်သစ်၊ ဂျာမန်စာကို သင်ကြားနေပြီး ညနေပိုင်းအချိန်များမှာ ကျမ်းစာကျောင်း တက်နေသူ။
“ဒါဆို စပြီနော်။ သေချာချာနားထောင်ပြီး အမြန်လိုက်ပြော ပေတော့။
တောင်ပေါ် ကရှမ်းကလေး လျော်ထမ်းလို့ပြေး၊ ရှည်တဲ့လျော်ကရှည် တိုတဲ့လျော်ကတို၊ တိုရှည် ရှည်တို”
အမြန်လိုက်ပြောရင်း သူမမှားသွားတော့ နှစ်ယောက်သားပြိုင်တူ ရယ်မောကြပါတယ်။
“ဒီတစ်ခါ သူ့အလှည့်။ အမြန်ဆိုနော်”
“တုံးအောက်ကဖား ပြားတဲ့ဖားကပြား ဖောင်းတဲ့ဖားကဖောင်း၊ ဖောင်းပြား ပြားဖောင်း”
အမြန်လိုက်ဆိုရင်း ကွန်တော် မှားသွားတော့ နှစ်ဦးသားအတူ ရယ်မောမိကြပါတယ်။
“ကိုယ် ကျမ်းစာဖတ်ရင်းနဲ့ အဲဒီလို စကားလေးတွေတွေ့လို့ အပျင်းလည်းပြေ ပျော်စရာလည်းကောင်းအောင် ပြောကြည့်တာပါ။ လူမျိုး တိုင်းမှာ အဲဒီလိုမျိုးဟာလေးတွေ ရှိကြတယ်နော်။ ကိုယ်တို့ကိုင်နေတဲ့ ကျမ်းစာက မူရင်းဘာသာစကားနဲ့ မဟုတ်တော့ အဲဒီလိုမျိုး အရသာကို မရတော့ဘူးလေ။ တီအက်စ်အိလိယော့က ကဗျာတစ်ပုဒ်ကို ဘာသာပြန် လိုက်ရင် ကဗျာမဟုတ်တော့ဘူးတဲ့။ အဲဒီလိုပဲ သမ္မာကျမ်းပညာရှင် တွေကလည်း သမ္မာကျမ်းစာကို ဘာသာပြန်လိုက်ရင် မူရင်းအဓိပ္ပါယ်ပျက်စီး သွားတတ်တယ်တဲ့”
“သမ္မာကျမ်းစာကို အပင်ပန်းခံပြီး ကြိုးစားပမ်းစား ဘာသာပြန် ထားတဲ့ သူတွေကိုလည်း အားနာပါဦး”
“သိပါတယ်ကွာ။ ကုယ်က သူတို့ရဲ့စေတနာ၊ လုံ့လ၊ ဝိရိယနဲ့ သူတို့ရဲ့ ပညာဉာဏ်ကြီးမားပုံ၊ ဆက်ကပ်မူတို့ကို လေးစားပြီးသားပါ။ ကိုယ်အခု ပြောနေတာက ဘာသာစကား တစ်ခုနဲ့တစ်ခု ခြားနားပုံ၊ မတူကြပုံကို ပြောတာပါ။ အဲဒါကိုသိရမှ သူတို့တွေရဲ့ကြိုးစားအားထုတ်မူကို ပိုပြီးသိလာမှာပေါ့။
သမ္မာကျမ်းစာထဲမှာပါတဲ့ အကြောင်းပဲ ဆက်ပြောရအောင်ကွာ။ ဟေရှာယ ၅းရ မှာပါတဲ့ ကျမ်းချက်ကို ဖတ်ကြည့်ရင်း . . .
And God looked for justice(မစ်ရှ်ဖတ်)
but he only found bloodshed(မစ်ရှ်ဖတ်ရှ်)
he looked for righteousness (စေဒါကော့)
but he only found a cry of distress (စေအာကော့)။
ကြည့်လေ အင်္ဂလိပ်ဘာသာပြန်မှာလည်း ကာရန်ကိုက် Justice, bloodshed, righteousness, distress ဆိုပြီး ဘာသာပြန်ထားတာ တွေ့လား။
ဆာလံ ၁၂၂း၆ ကို ဟေဗြဲလိုဆိုကြည့်။ “ရှအာလူ ရှာလုမ် ယေရုရှလာရင်” တဲ့။ နောက် ဟေရှာယ ၂၄း၁၇ ကတော့ “ပါချက် ဝါပါချက် ဝါဖက်“ တဲ့။ ကဲ . . . အမြန်ဆိုကြည့် . . .”
သူမက “ရှာလုမ် ယေရုရှလာရင်” နဲ့ “ပါချက် ဝါပါချက ်ဝါဖက်” ဆိုတာကို တဖွဖွရွတ်ဆိုကြည့်ပါတယ်။
“အဓိပ္ပါယ်က ဘာတဲ့လဲ”
“မပြောနိုင်ပါဘူး၊ သိချင်ရင် ကျမ်းစာထဲမှာရှာပေါ့”
“ဟွန်း . . . မရှာချင်လို့ပေါ့”
သူမက ကွန်တော့်ကို မကျေမနပ် ဖြစ်သွားပါတယ်။
“သြော် . . . ဒီမှာ မေ့တော့မလို့ ကိုယ်ရေးထားတဲ့ ကဗျာလေး တစ်ပုဒ်ကိုလည်း ဖတ်ကြည့်ပေးဦး”
ကွန်တော်ပေးလိုက်တဲ့ စာရှက်ကို သူမ ဖြန့်ပြီးဖတ်ပါတယ်။
ချစ်ချစ်ချော . . .
ချစ်ချစ်ခင်ခင် ခေါ်ခဲ့ချင်
ခူးချင်ခူး ခွေချင်ခွေ
ချိုးချင်ချိုး ချိုင်ချင်ချိုင်
ချိုချင်ချို ခါးချင်ခါး
ချီချင်ချီ ချော့ချင်ချော့
ခွဲချင်ခွဲ ခြောက်ချင်ခြောက်
ခေါ်ချင်ခေါ် ခိုင်းချင်ခိုင်း
ချန်ခဲ့ချင်ချန်ခဲ့ ခြေချချင်ခြေချ
ုခိုင်ခိုင်ခ့ခ့ ချစ်ချင်ချစ်။
သူမက ခခွေးအက္ခရာတွေ့နဲ့ ရေးထားတဲ့ ကွန်တော့်ကဗျာကို ဖတ်ပြီး ခိုးခိုးခစ်ခစ် ရယ်နေပါတော့တယ်။
***********
“ကိုကိုရဲ့စာတွေက အရမ်းစိတ်ကူးယဉ်ဆန်တယ်နော်။ နောက်ပြီး”
ရှေစင်က ပရင်တာက ထွက်လာတဲ့ ကွန်တော့်စာမူတွေကို တစ်ရှက်ချင်း ယူနေရင်းက ပြောပါတယ်။ စာမျက်နှာစုံ၊ မစုံကို စစ်ကြည့်ရင်းမှ စကားကို ပန်ဆက်ပါတယ်။ ရှေစင်ရဲ့အသံက တိုးတိုးညင်ညင်။
“ကိုကိုရဲ့ အချစ်တွေကလည်း စိတ်ကူးယဉ် ဆန်နေသလိုပဲ”
ရှေစင့်စကားကို ကွန်တော် နားမလည်နိုင်တော့ပါ။ ရှေစင် ဘာကို ဆိုလိုတာလဲ။ ဘာအဓိပ္ပါယ်နဲ့ ဒီလိုပြောလိုက်တာလဲ။ ကွန်တော်ဟာ လက်တွေမဆန်တဲ့ လူတစ်ယောက်လား။ ကွန်တော့်ရဲ့အချစ်ကို မယုံကြည် တာလား။ တစ်ခုခု လွဲမှားသွားခဲ့ပြီလား။ ကွန်တော် ဘာမှပြန်မမေးမိပါ။ ရှေစင် ကွုန်တော့်အပေါ်မှာ ထားတဲ့အချစ်ကို ကွန်တော် ယုံပါတယ်။ ရှေစင် ကွန်တော့်ကို နှစ်နှစ်ကာကာ မေတ္တာစစ်နဲ့ ချစ်တယ်ဆိုတာကိုလည်း ကွန်တော် သိနေပါတယ်။ ကွန်တော့်ရဲ့ “မင်းကိုသိပ်ချစ်တယ်” ဆိုတဲ့ စကားအပေါ် ယုံကြည်မှုထက် ရှေစင်ကိုယ်တိုင်က သူ့ရဲ့ အချစ်ကို ကွန်တော့်အတွက် သီးသီးသန့်သန့် ပေးအပ်ခဲ့တာပါ။
“ရှေစင်ရယ် . . . ၊ ကိုယ့်အချစ်ကို သံသယမရှိပါနဲ့။ တကယ်တော့ အချစ်ဆိုတာကလည်း စကားထာတစ်ခုလိုပါပဲ။ သူ့မှာ အဓိပ္ပါယ်ရှိပေမယ့် အနက်ဖော်ဖို့ကတော့ ခက်နေပြန်တယ်။ တစ်ခါတလေ မှားပြီးတော့များ အဓိပ္ပါယ်ကောက်မိလို့ကတော့ သွားရော။ ကိုယ်ကတော့ ယုံကြည်ပါတယ်။ ကိုယ်တို့နှစ်ဦးပေါင်းပြီး အဲဒီစကားထာရဲ့ အဓိပ္ပါယ်ကို ဖော်နိုင်လိမ့်မယ်ဆိုတာ”
ရှေစင်က ကွန်ပျူတာရိုက်ပြီးသား စာမူများကို ညီညီညာညာ ဖြစ်သွားအောင် ညှိစီပြီး စတက်ပလာနဲ့ ချုက်လိုက်ပါတယ်။ စရှက်တွေကို ကြည့်နေရာက ကွန်တော့်ဘက် ခေါင်းပြန်မော့ လာတဲ့အခါ ရှေစင်ရဲ့ မျက်လုံးထဲက မျက်ရည်စလေးတွေကို တွေ့လိုက်ရတော့ ကွန်တော့်ရင်ထဲ ဆွတ်ပျံ့ကြေကွဲစွာ ခံစားလိုက်ရပါတယ်။ ရှေစင်ရဲ့ ပုခုံးလေးနှစ်ဖက်ကို အသာဆွဲကိုင်ရင်း ကွန်တော့်ရင်ခွင်ထဲ ဆွဲယူထွေးပွေ့ထားလိုက်ပါတယ်။
ဒီမျက်ရည်စလေးတွေ ဘာကြောင့် ကျရတယ်ဆိုတာကလည်း ကွန်တော့်အတွက်တော့ စကားထာတစ်ပုဒ်လိုပါပဲ။
ရိုးရာထူး